WECAN Myanmar

တောရိုင်းတိရစ္ဆာန်နှင့် ယင်း၏အစိတ်အပိုင်းများ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အသိပညာပေး ဟောပြောပွဲ

ပြည်တက္ကသိုလ် သတ္တဗေဒဌာန နှင့် သားငှက် ထိမ်းသိန်းရေး မြန်မာနိုင်ငံအစီအစဉ် (WCS), တောရိုင်းတိရစ္ဆာန်နှင့်ဂေဟစနစ်ထိမ်းသိန်းရေး အသင်း (WECAN ) တို့ ပူးပေါင်းစီစဉ်သော ” တောရိုင်းတိရစ္ဆာန်နှင့် ယင်း၏အစိတ်အပိုင်းများ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ပြည်တက္ကသိုလ် သတ္တဗေဒ ဌာန၌ ယနေ့ (၂.၉.၂၀၁၉) နေ့လည် ၁ နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်တက္ကသိုလ် သတ္တဗေဒဌာန ၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ ဒေါ်သီတာမှ အဖွင့်အမှာစကားပြောကြားပြီး WECAN ဥက္ကဌ ဒေါက်တာ စံပယ်မင်းမှ ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု အကြောင်းကို ဒေါက်တာ စံပယ်မင်းမှ ၎င်း, မြန်မာနိုင်ငံအတွင်း လိပ်, မြွေနှင့် သင်းခွေချပ် တရားမဝင် ကုန်သွယ်မှုအကြောင်းကို ရန်ကုန် တက္ကသိုလ် သတ္တဗေဒ ဌာနမှ ကထိက ဒေါက်တာ စုစုနိုင်မှ၎င်း ရှင်းလင်း တင်ပြကြပါသည်။ ထို့နောက် ပါမောက္ခ ဒေါက်တာ ဒေါ်သီတာမှ ကျေးဇူးတင်စကား ပြောကြားပြီး ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ဟောပြောပွဲသို့ သတ္တဗေဒဌာနမှ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ သရုပ်ပြ ဆရာ ဆရာမများ နှင့် အတူ သတ္တဗေဒ ဘာသာအထူးပြု ကျောင်းသား /သူ တစ်ရာကျော် တက်ရောက်ခဲ့ပါသည်။